ကမ္ဘာကျော် Meta ကုမ္ပဏီဟာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အသုံးပြုသူတွေကို လှည့်ဖြားခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို တရားရုံးက ဒေါ်လာ ၃၇၅ သန်း ပေးလျော်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ Facebook၊ Instagram နဲ့ WhatsApp တို့မှာ ကလေးငယ်တွေဟာ မသင့်လျော်တဲ့ အပြာရောင် အကြောင်းအရာတွေနဲ့ ထိတွေ့နေရသလို ကလေးသူငယ်တွေကို အလွဲသုံးစားလုပ်မယ့်သူတွေနဲ့ပါ ဆက်သွယ်မိနေတာကို Meta က သိလျက်နဲ့ တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုမှာ တင်သွင်းခဲ့တဲ့ သက်သေအထောက်အထားတွေက တကယ့်ကို တုန်လှုပ်စရာကောင်းလှပါတယ်။ Meta ကုမ္ပဏီအတွင်းပိုင်းက စာရွက်စာတမ်းတွေအရ သူတို့ရဲ့ Platform တွေပေါ်မှာ ကလေးငယ်တွေအတွက် အန္တရာယ်ရှိနေတာကို ကုမ္ပဏီက ကြိုတင်သိရှိထားတယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ အထူးသဖြင့် Instagram အသုံးပြုသူတွေရဲ့ ၁၆ ရာခိုင်နှုန်းဟာ သူတို့မလိုလားဘဲ လိင်ပိုင်းဆိုင်ရာ ရုပ်ပုံနဲ့ စာသားတွေကို မြင်တွေ့ခဲ့ရတယ်လို့ သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ ရှေ့နေချုပ် Raul Torrez ကတော့ ဒီစီရင်ချက်ဟာ ကလေးငယ်တွေကို နည်းပညာကုမ္ပဏီကြီးတွေရဲ့ လက်ထဲကနေ ကာကွယ်ပေးနိုင်မယ့် “သမိုင်းဝင်” ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Meta ဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို သဘောမတူတဲ့အတွက် အယူခံဝင်သွားဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာလည်း Meta ရဲ့ Algorithm တွေဟာ ကလေးငယ်တွေကို အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေဆီ လမ်းကြောင်းပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်တစ်နိုင်ငံလုံးမှာ အမှုပေါင်းများစွာ ရင်ဆိုင်နေရတာပါ။ အခု ဒဏ်ကြေးဟာ ချိုးဖောက်မှုပေါင်း ထောင်နဲ့ချီရှိခဲ့တဲ့အတွက်ကြောင့် အပြင်းအထန် ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။
Ref : Fossbytes




