Apple ကုမ္ပဏီဟာ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ သက်တမ်း နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ကုမ္ပဏီအတွက် အစွန့်စားရဆုံးနဲ့ အကျိုးသက်ရောက်မှုအရှိဆုံး ဆုံးဖြတ်ချက်ကတော့ အောင်မြင်နေတဲ့ iPod ကို အနားပေးပြီး iPhone ကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ iPod ဟာ Apple ရဲ့ ရောင်းအားအကောင်းဆုံး ပစ္စည်းဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Mac ကွန်ပျူတာထက်တောင် ရောင်းအား ၉၀၀ ရာခိုင်နှုန်း ကျော် ပိုတက်ခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းထဲမှာ သီချင်းနားထောင်လို့ရတဲ့ နည်းပညာတွေ ထွက်ပေါ်လာတာကြောင့် Apple အမှုဆောင်ဟောင်း Tony Fadell နဲ့ အဖွဲ့ဟာ iPod ထက်သာတဲ့ ပစ္စည်းတစ်ခုကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အစပိုင်းမှာ iPod ကို ဖုန်းဆက်လို့ရအောင် Click Wheel နဲ့ စမ်းသပ်ခဲ့ပေမယ့် စာရိုက်ရခက်တာကြောင့် ကျရှုံးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရာနဲ့ချီတဲ့ အင်ဂျင်နီယာတွေ နေ့မနား ညမနား ကြိုးပမ်းပြီး Touch Screen နည်းပညာနဲ့ iPhone ကို အောင်မြင်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ iPhone ကို ဒေါ်လာ ၅၀၀ နဲ့ စတင်ရောင်းချခဲ့စဉ်က ဈေးကြီးလွန်းတာကြောင့် လူတိုင်းလက်လှမ်းမီမယ့် ပစ္စည်းလို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ တစ်ကမ္ဘာလုံးမှာ Apple Device ပေါင်း ၂.၅ ဘီလီယံ ကျော် အသုံးပြုနေပြီဖြစ်ပြီး iPhone ဟာ လူနေမှုပုံစံသစ်ကိုပါ ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကနေတစ်ဆင့် Apple Watch နဲ့ AirPods လို နောက်ဆက်တွဲ ပစ္စည်းတွေပါ ထပ်မံထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
iPhone ဟာ နှစ်ပေါင်း ၂၀ နီးပါး သိသာတဲ့ပုံစံပြောင်းလဲမှု မရှိဘဲ အောင်မြင်နေတာဟာ သူ့ရဲ့ ခိုင်မာတဲ့ အရည်အသွေးကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို AI ခေတ်မှာတော့ Apple အနေနဲ့ Google နဲ့ OpenAI လို ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့အတွက် အရင်ကထက် ပိုမိုထူးခြားတဲ့ တီထွင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။




