news
Donald Trump ကတော် Melania Trump နဲ့အတူ အိမ်ဖြူတော်မှာ ပွဲထွက်လာတဲ့ Figure 03 လူတူစက်ရုပ်
မတ်လ ၂၅ ရက်နေ့က အိမ်ဖြူတော်မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ Figure AI ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Figure 03 လူတူစက်ရုပ် ပါဝင်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ဖြူတော်မှာကျင်းပတဲ့ "Fostering the Future Together" ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ထူးခြားတဲ့မြင်ကွင်းတစ်ခု မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အမေရိကန် သမ္မတကတော် Melania Trump ဟာ Figure AI ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ "Figure 03" လို့ခေါ်တဲ့ လူတူ စက်ရုပ် နဲ့အတူ ယှဉ်တွဲပြီး ပွဲထွက်လာတာပဲ ဖြစ်ပါတယ်။ အဲဒီရိုဘော့ဟာ သမ္မတကတော်နဲ့အတူ East Room ထဲကို လမ်းလျှောက်ဝင်ရောက်လာခဲ့ပြီး တက်ရောက်လာသူတွေကို ဘာသာစကားမျိုးစုံနဲ့ နှုတ်ဆက်စကား ပြောကြားခဲ့သလို သူ့ကိုယ်သူလည်း အမေရိကန်နိုင်ငံထုတ် ရိုဘော့ဖြစ်ကြောင်း မိတ်ဆက်ခဲ့ပါတယ်။
Melania Trump က အဲဒီရိုဘော့ကို အိမ်ဖြူတော်ရဲ့ "ပထမဆုံးသော အမေရိကန်ထုတ် လူတူရိုဘော့ ဧည့်သည်" လို့ တင်စားခေါ်ဆိုခဲ့ပြီး ဒါဟာ သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအစည်းအဝေးကို ပြင်သစ်သမ္မတကတော် Brigitte Macron အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး AI နည်းပညာ၊ ပညာရေးဆိုင်ရာ နည်းပညာတွေနဲ့ ကလေးငယ်တွေအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
အခမ်းအနားအတွင်းမှာတော့ AI နဲ့ ရိုဘော့နည်းပညာတွေဟာ ပညာသင်ကြားရေးနဲ့ နေ့စဉ်လူမှုဘဝ လုပ်ငန်းဆောင်တာတွေကို ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာကို အသေးစိတ် လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။




