Honor ရဲ့ X-series ဖုန်းအသစ်ဖြစ်တဲ့ Honor X80i ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ MediaTek ရဲ့ Dimensity 6500 chipset ကို ကမ္ဘာမှာ ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းဖြစ်လာပြီး CPU ရှစ်လုံးပါဝင်တာကြောင့် လုပ်ဆောင်ချက်တွေ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

မျက်နှာပြင်ပိုင်းမှာတော့ ၆.၆ လက်မရှိတဲ့ 1200×2600 AMOLED display ကို သုံးထားပြီး 120Hz refresh rate ပါဝင်ပါတယ်။ Peak Brightness က 6,500 nits အထိ ရှိတာကြောင့် နေရောင်အောက်မှာတောင် ရုပ်ထွက်ကို အကောင်းဆုံး မြင်တွေ့ရမှာ ဖြစ်သလို ရေစိုဖုန်စုပ်ဒဏ် ခံနိုင်တဲ့ IP66 အဆင့်လည်း ရရှိထားပါတယ်။ အနောက်ဘက်မှာ 50MP ပင်မကင်မရာနဲ့ ထပ်ဆောင်းကင်မရာတစ်လုံး ပါပါတယ်။

အဓိက ထူးခြားချက်ကတော့ 7,000mAh ဘက်ထရီ ပါဝင်တာဖြစ်ပြီး ဗီဒီယိုတွေကို ၂၂ နာရီကြာ ဆက်တိုက်ကြည့်ရှုနိုင်ပါတယ်။ 45W အမြန်အားသွင်းစနစ်လည်း ပါဝင်ပြီး Android 16 အခြေခံ MagicOS 10 နဲ့ Honor ရဲ့ AI feature တွေ ပါဝင်လာပါတယ်။

Honor X80i ကို အနက်၊ အစိမ်း၊ ပန်းရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်လေးမျိုး ရွေးချယ်နိုင်ပြီး တရုတ်ယွမ် ၁,၉၉၉ (ခန့်မှန်းခြေ ဒေါ်လာ ၂၉၀) ကနေ စတင်ရောင်းချမှာဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမည်ဖြစ်သည်။