Meta က AI နည်းပညာဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ဆက်လက်လုပ်ဆောင်နေတာနဲ့အညီ စင်ကာပူအခြေစိုက် General-purpose AI agent ထုတ်လုပ်သူ Manus ကို ဝယ်ယူလိုက်ပြီလို့ အင်္ဂါနေ့မှာ ပြောပါတယ်။
Wall Street Journal ရဲ့ ဖော်ပြချက်အရ ဒီအရောင်းအဝယ်ဟာ ဒေါ်လာ ၂ ဘီလီယံကျော် တန်ကြေးရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး စင်ကာပူကို ပြောင်းရွှေ့ခဲ့တဲ့ Manus ဟာ ဈေးကွက်သုတေသန၊ ကုဒ်ရေးသားခြင်းနဲ့ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းလို ရှုပ်ထွေးတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်တဲ့ AI agent ကို ဒီနှစ်အစောပိုင်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Manus ဟာ စတင်မိတ်ဆက်ပြီး ၈ လအကြာမှာတင် နှစ်စဉ်ပျမ်းမျှဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ Meta ရဲ့ ထုတ်ပြန်ချက်အရ ဝယ်ယူပြီးနောက်ပိုင်းမှာ Manus ရဲ့ တရုတ်နိုင်ငံတွင်း လက်ကျန်လုပ်ငန်းလည်ပတ်မှုတွေကို အဆင့်ဆင့် ရပ်ဆိုင်းသွားမှာဖြစ်ပြီး တရုတ်ပိုင်ဆိုင်မှု လုံးဝမရှိစေရဘူးလို့ သိရပါတယ်။ လက်ရှိ Manus ရဲ့ စာရင်းသွင်းဝန်ဆောင်မှု (Subscription service) ကတော့ အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နေမှာ ဖြစ်ပါတယ်။

ဒီဝယ်ယူမှုဟာ စီးပွားရေးလုပ်ငန်းတွေအတွက် AI ဆန်းသစ်တီထွင်မှုတွေကို အရှိန်မြှင့်တင်ဖို့နဲ့ Meta AI assistant အပါအဝင် သူ့ရဲ့ လူသုံးကုန်နဲ့ လုပ်ငန်းသုံးထုတ်ကုန်တွေမှာ အဆင့်မြင့် Automation စနစ်တွေ ထည့်သွင်းဖို့ ရည်ရွယ်တယ်လို့ Meta က ပြောပါတယ်။ Manus ရဲ့ ဝန်ထမ်းတွေဟာ Meta ရဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းသွားမှာဖြစ်ပြီး “Manus ဟာ ကမ္ဘာတစ်ဝှမ်းက သန်းနဲ့ချီတဲ့ သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပါတယ်” လို့ Meta က ဆိုပါတယ်။
Meta ရဲ့ Manus ကို ဝယ်ယူမှုဟာ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူဖို့နဲ့ သူ့ရဲ့ Open-source Llama မော်ဒယ်တွေ အပါအဝင် ကျယ်ပြန့်တဲ့ AI လုပ်ငန်းကို အရှိန်မြှင့်ဖို့အတွက် အထူးပြု AI start-up တွေကို လိုက်လံဝယ်ယူနေတဲ့ မဟာဗျူဟာထဲက တစ်ခုဖြစ်ပါတယ်။ Meta ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း Scale AI မှာ ဒေါ်လာ ၁၄.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သလို ဒီလအစောပိုင်းကလည်း AI-wearables start-up ဖြစ်တဲ့ Limitless ကို ဝယ်ယူခဲ့ပါသေးတယ်။
Ref: cnbc




