AI နည်းပညာတွေဘက်ကို အင်တိုက်အားတိုက် ကူးပြောင်းနေတဲ့ Meta ကုမ္ပဏီဟာ မကြာခင်မှာ ဝန်ထမ်းအင်အား ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်မက အကြီးအကျယ် လျှော့ချပစ်ဖို့ စီစဉ်နေပါတယ်။

AI အခြေခံအဆောက်အအုံတွေအတွက် ကုန်ကျစရိတ်တွေကို ပြန်ကာမိဖို့နဲ့ AI အကူအညီနဲ့ လုပ်ငန်းတွေ ပိုမြန်ဆန်လာဖို့ ရည်ရွယ်တာဖြစ်တယ်လို့ Reuters သတင်းဌာနကို သတင်းရင်းမြစ်တွေက ပြောပါတယ်။

အလုပ်ဖြုတ်မယ့်ရက်နဲ့ အရေအတွက်ကို အတိအကျ မသိရသေးပေမယ့် အကြီးတန်းအရာရှိတွေကတော့ လူလျှော့ချရေးအစီအစဉ်တွေ စတင်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

Mark Zuckerberg Fast Facts | CNN

တကယ်လို့သာ ဒီ ၂၀ ရာခိုင်နှုန်းဆိုတဲ့ ကိန်းဂဏန်းအတိုင်း အလုပ်ဖြုတ်ဖြစ်ခဲ့ရင် ဒါဟာ ၂၀၂၂ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းတွေက လုပ်ခဲ့တဲ့ အကြီးမားဆုံး အလုပ်ဖြုတ်ပွဲကြီးတွေအပြီး နောက်ထပ် အဆိုးရွားဆုံး အခြေအနေတစ်ခု ဖြစ်လာပါလိမ့်မယ်။

အရင်က ကုမ္ပဏီရဲ့ သမိုင်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဝန်ထမ်း ၁၁,၀၀၀ (၁၃ ရာခိုင်နှုန်း) နဲ့ လေးလအကြာမှာ နောက်ထပ် ဝန်ထမ်း ၁၀,၀၀၀ ကို အလုပ်ဖြုတ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ စာရင်းတွေအရတော့ Meta မှာ ဝန်ထမ်း ၇၉,၀၀၀ နီးပါး ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ဟာ Generative AI နယ်ပယ်မှာ ထိပ်ဆုံးကပြေးနိုင်ဖို့ အတော်လေးကို ဖိအားပေး လုပ်ဆောင်နေပါတယ်။ ထိပ်တန်း AI ပညာရှင်တွေကို ဆွဲဆောင်ဖို့ ဒေါ်လာသန်းရာချီတဲ့ လစာတွေ ပေးနေသလို၊ ၂၀၂၈ ခုနှစ်မှာ ဒေတာစင်တာတွေ တည်ဆောက်ဖို့ ဒေါ်လာ ဘီလီယံ ၆၀၀ အထိ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေပါတယ်။

Facebook's Mark Zuckerberg 'survives' leadership vote

ဒါ့အပြင် AI အေးဂျင့်တွေအတွက် Moltbook ပလက်ဖောင်းကို ဝယ်ယူခဲ့သလို၊ တရုတ် AI Startup Manus ကိုလည်း ဒေါ်လာ ၂ ဘီလီယံနဲ့ ဝယ်ယူဖို့ ပြင်ဆင်နေပါတယ်။ အရင်က လူအုပ်ကြီးနဲ့ လုပ်ရတဲ့ အလုပ်တွေကို အခုအခါ အရည်အချင်းရှိတဲ့ လူတစ်ယောက်တည်းက AI အကူအညီနဲ့ အလွယ်တကူ လုပ်နိုင်နေပြီလို့ Mark Zuckerberg က ဇန်နဝါရီလမှာ ပြောခဲ့ပါသေးတယ်။

အခုလို လူလျှော့ချတာဟာ Meta တစ်ခုတည်းတော့ မဟုတ်ပါဘူး။ AI နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Amazon က ဝန်ထမ်း ၁၆,၀၀၀ နီးပါး (၁၀ ရာခိုင်နှုန်း) ကို ဇန်နဝါရီလမှာ အလုပ်ဖြုတ်ခဲ့သလို၊ ပြီးခဲ့တဲ့လကလည်း Block ကုမ္ပဏီဟာ အမှုဆောင်အရာရှိချုပ် Jack Dorsey ရဲ့ ညွှန်ကြားချက်နဲ့ ဝန်ထမ်း ထက်ဝက်နီးပါးကို AI အကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ခဲ့ပါတယ်။

တဖက်မှာ အစွမ်းကုန် ရင်းနှီးမြှုပ်နှံနေပေမယ့် Meta အတွက် အခက်အခဲတွေလည်း ရှိနေပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ Llama 4 မော်ဒယ်တွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အကြီးဆုံးဗားရှင်းဖြစ်တဲ့ Behemoth ကိုလည်း လုံးဝ ဖျက်သိမ်းလိုက်ရပါတယ်။ လက်ရှိ အသစ်တည်ဆောက်နေတဲ့ Avocado မော်ဒယ်ကလည်း မျှော်မှန်းထားသလောက် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။

Ref: The Guardian