လကမ္ဘာပေါ်မှာ မီးဘယ်လိုလောင်မလဲ – NASA ရဲ့ ထူးခြားတဲ့ စမ်းသပ်မှုအသစ်
<p>လကမ္ဘာပေါ်မှာ အသုံးပြုမယ့် ပစ္စည်းတွေရဲ့ မီးလောင်ကျွမ်းနိုင်စွမ်းကို လေ့လာဖို့အတွက် NASA သိပ္ပံပညာရှင်တွေဟာ “Flammability Of Materials</p>
လကမ္ဘာပေါ်မှာ အသုံးပြုမယ့် ပစ္စည်းတွေရဲ့ မီးလောင်ကျွမ်းနိုင်စွမ်းကို လေ့လာဖို့အတွက် NASA သိပ္ပံပညာရှင်တွေဟာ “Flammability Of Materials On The Moon” လို့ အမည်ပေးထားတဲ့ စမ်းသပ်ချက်အသစ်တစ်ခုကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။
ဒီစမ်းသပ်ချက်မှာ နမူနာပစ္စည်းတွေကို ၆ လက်မအရှည်ရှိတဲ့ မီးတောက်နဲ့ ထိတွေ့စေပြီး မီးဘယ်လောက်အထိ ကူးစက်လောင်ကျွမ်းမလဲ၊ မီးလောင်နေတဲ့ အပိုင်းအစတွေ အောက်ကို စိမ့်ကျလာမလားဆိုတာတွေကို အဓိကထား စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာလုပ်တဲ့ စမ်းသပ်ချက်တွေဟာ လကမ္ဘာမှာ အသုံးမဝင်နိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။ လကမ္ဘာရဲ့ ဆွဲငင်အားဟာ ကမ္ဘာထက် အဆပေါင်းများစွာ နည်းပါးတာကြောင့် မီးတောက်ရဲ့ ပုံစံပြောင်းလဲသွားနိုင်သလို မီးလောင်လွယ်တဲ့နှုန်းကလည်း ပိုပြီး မြင့်တက်လာနိုင်ပါတယ်။
ဒါကြောင့် NASA ဟာ လကမ္ဘာပေါ်မှာ လောင်စာနမူနာတွေကို တကယ့်လက်တွေ့ မီးရှို့စမ်းသပ်မှာဖြစ်ပြီး ဆင်ဆာတွေ၊ ကင်မရာတွေအသုံးပြုကာ မီးတောက်ရဲ့ ပြုမူပုံကို အသေးစိတ် လေ့လာသွားမှာပါ။

NASA ဟာ အရင်ကလည်း Cygnus အာကာသယာဉ်အတွင်းမှာ မီးတောက်တွေကို စမ်းသပ်ခဲ့ဖူးပြီး ဆွဲငင်အားနည်းတဲ့ အခြေအနေမှာ မီးဘယ်လိုကူးစက်ပျံ့နှံ့သလဲဆိုတာကို လေ့လာခဲ့ဖူးပါတယ်။
အခုတစ်ကြိမ် လကမ္ဘာပေါ်မှာ တိုက်ရိုက်လုပ်ဆောင်မယ့် စမ်းသပ်မှုဟာ အာကာသစခန်းတွေနဲ့ လပေါ်က လူနေအခြေစိုက်စခန်းတွေမှာ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် အလွန်အရေးပါတဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
Ref: Fossbytes




