ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Oracle ဟာ အမေရိကန်နဲ့ အိန္ဒိယက ဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။ ထူးခြားတာက ဝန်ထမ်းတွေကို မနက် ၆ နာရီမှာ Email ပို့ပြီး သူတို့ရဲ့ ရာထူးနေရာတွေ မရှိတော့ကြောင်း ရုတ်တရက် အကြောင်းကြားခဲ့တာပါ။

ဒီတစ်ကြိမ် အလုပ်ထုတ်ခံရမှုမှာ Cloud စနစ်၊ အရောင်းဌာနနဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာဌာနတွေက ဝန်ထမ်းတွေ အဓိကပါဝင်နေပါတယ်။ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းအရေအတွက် အတိအကျကို Oracle ဘက်က ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ ခန့်မှန်းခြေအရ တစ်ကမ္ဘာလုံးမှာ ဝန်ထမ်း ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြားအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အခုလို အလုပ်ထုတ်ရတဲ့ အဓိကအကြောင်းရင်းကတော့ Oracle ဟာ AI နည်းပညာနဲ့ Data Center ရင်းနှီးမြှုပ်နှံမှုတွေဘက်ကို အင်တိုက်အားတိုက် ပြောင်းလဲလုပ်ကိုင်ဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဟာ Meta၊ Microsoft နဲ့ Google လို ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေ AI အခြေခံအဆောက်အအုံတွေကို မြှင့်တင်ဖို့ ဝန်ထမ်းလျှော့ချနေတဲ့ ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီနေပါတယ်။