နယ်သာလန်အခြေစိုက် U-Boat Worx ကုမ္ပဏီဟာ ကမ္ဘာ့အမြန်ဆုံး ကိုယ်ပိုင်အသေးစား ရေငုပ်သင်္ဘောအဖြစ် တင်စားထားတဲ့ Super Sub ကို မိတ်ဆက်လိုက်ပါတယ်။ Curaçao ပင်လယ်ပြင်မှာ စမ်းသပ်မောင်းနှင်မှုတွေ အောင်မြင်စွာပြုလုပ်ပြီးနောက် အခုဆိုရင် အဲဒီ "ရေအောက်စူပါကား" ရဲ့ ပထမဆုံးအစီးကို ဝယ်ယူသူဆီ ပို့ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဒီရေငုပ်သင်္ဘောဟာ လျှပ်စစ်စွမ်းအင်သုံး အမျိုးအစားဖြစ်ပြီး လူ ၃ ဦးအထိ လိုက်ပါနိုင်ပါတယ်။ သူ့ရဲ့ အမြန်နှုန်းဟာ တစ်နာရီကို ၁၈.၅ ကီလိုမီတာခန့် ရှိတာကြောင့် တခြားအသေးစား ရေငုပ်သင်္ဘောတွေထက် အများကြီး ပိုမြန်ပါတယ်။ ဒါ့အပြင် အဏ္ဏဝါသက်ရှိတွေ အများဆုံးတွေ့နိုင်တဲ့ ရေအောက်မီတာ ၃၀၀ အနက်အထိ ငုပ်လျှိုးနိုင်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ ရေစီးကြောင်းဒဏ်ကို အကောင်းဆုံးခံနိုင်အောင် ပုံဖော်ထားတဲ့အပြင် တောင်ပံပုံစံ ဒီဇိုင်းပါဝင်တာကြောင့် ရေအောက်မှာ ထောင့်မတ်ကျကျ အတက်အဆင်းလုပ်နိုင်ပြီး အရမ်းကို သွက်လက်ပါတယ်။ အထဲမှာ လိုက်ပါလာသူတွေအနေနဲ့ ပြတင်းပေါက်ကနေတစ်ဆင့် ရေအောက်အလှအပတွေကို ၃၆၀ ဒီဂရီ ပတ်ပတ်လည် အားရပါးရ ကြည့်နိုင်ပြီး ဘက်ထရီကတော့ တစ်ခါအားသွင်းရင် ၈ နာရီအထိ ခံပါတယ်။

ဘေးကင်းလုံခြုံရေးအတွက် အသက်ကယ်အထောက်အကူပြုစနစ်တွေနဲ့ သတ်မှတ်ထားတဲ့ အနက်ထက် ပိုမငုပ်အောင် ထိန်းချုပ်ပေးတဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။ ဒီ Super Sub ရဲ့ အခြေခံစျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၅.၇၅ သန်းလောက် ရှိတာကြောင့် ချမ်းသာတဲ့သူတွေနဲ့ ဇိမ်ခံခရီးသွားလုပ်ငန်းတွေမှာပဲ အဓိက အသုံးပြုသွားမယ့်ပုံ ရပါတယ်။