Xiaomi ရဲ့ CEO Lei Jun ဟာ ပေကျင်းမြို့၊ Yizhuang ခရိုင်မှာရှိတဲ့ Xiaomi ကားစက်ရုံကနေ ၃ နာရီကျော်ကြာ တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) တစ်ခု ပြုလုပ်ခဲ့ပြီး မျိုးဆက်သစ် SU7 ဆီဒန်ကားကို တစ်စစီဖြတ်ထုတ်ပြသခဲ့ပါတယ်။
ဒီထုတ်လွှင့်မှုမှာ Lei Jun ဟာ မော်တော်ယာဉ်ဘေးကင်းလုံခြုံရေးကျွမ်းကျင်သူ Zhu Xichan နဲ့အတူ ကားရဲ့ အပြင်ဘက် ဆေးသုတ်ထားပုံကနေ ဘီးတွေ၊ အတွင်းပိုင်းပစ္စည်းတွေနဲ့ 7.1.4-channel အသံစနစ်အထိ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ် စစ်ဆေးပြသခဲ့တာပါ။ အာကာသယာဉ်သုံး အဆင့်မြင့် အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည်တည်ဆောက်ပုံနဲ့ ဘက်ထရီကို သံမှိုနဲ့ ထိုးဖောက်စမ်းသပ်မှုတွေကိုပါ ပြသခဲ့ပါတယ်။
လက်ရှိမှာတော့ Xiaomi SU7 အသစ်အတွက် အော်ဒါမှာယူမှုဟာ အစီးရေ ၄၀,၀၀၀ ကျော်သွားပြီလို့ Lei Jun က ပြောပါတယ်။ မတ်လ ၂၃ ရက်နေ့ကစပြီး ကားတွေကို စတင်ပို့ဆောင်ခဲ့ရာမှာ ၉ ရက်အတွင်း အစီးရေ ၇,၀၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး တစ်ရက်ကို ပျမ်းမျှ အစီးရေ ၈၀၀ နီးပါး ထုတ်လုပ်ပေးပို့နေတာ ဖြစ်ပါတယ်။




