INMO Air 3 စမတ်မျက်မှန်များကို အပူလွန်ကဲမှုပြဿနာကြောင့် ကုမ္ပဏီက တရားဝင် ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ Android Authority ၏ သတင်းအရ ဒီဂျက်ဂျက်ကို ဆက်တိုက်သုံးစွဲမှု သို့မဟုတ် အချို့သော အခြေအနေများအောက်တွင် အပူချိန် အလွန်အကျွံမြင့်တက်လာနိုင်ပြီး ၊ ၎င်းက သုံးစွဲသူများအတွက် ပြင်းထန်သောဒဏ်ရာ ရနိုင်သည့် (သို့) သေဆုံးနိုင်သည့်အထိ အန္တရာယ်ရှိကြောင်း သိရပါတယ်။

INMO Air 3 ဟာ ဟန်ဒ်စ်ဖရီ AR အတွေ့အကြုံပေးနိုင်တဲ့ စမတ်မျက်မှန်တစ်ခုအနေနဲ့ တီထွင်ခဲ့ပြီး ၊ မျက်လုံးအရှေ့မှာ ဒစ်ဂျစ်တယ်အချက်အလက်တွေကို ပြသပေးနိုင်တဲ့အပြင် အသံနဲ့ ထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်များလည်း ပါဝင်ပါတယ်။ သို့သော် ဘက်ထရီစနစ်နှင့် ချစ်ပ်များတွင် အပူထုတ်လွှတ်မှု စီမံခန့်ခွဲမှု ချို့ယွင်းချက်ကြောင့် အသုံးပြုနေစဉ်ပင် အလွန်အကျွံ ပူနွေးလာနိုင်ကြောင်း အစီရင်ခံစာများအရ သိရပါတယ်။

ဒီပြဿနာကြောင့် ဝယ်ယူသုံးစွဲသူများကို ချက်ချင်းအသုံးပြုမှု ရပ်ဆိုင်းပြီး ကုမ္ပဏီထံ ပြန်ပို့ရန် (သို့) ပြင်ဆင်ရန် အကြံပြုထားပါတယ်။ ဒီအဖြစ်အပျက်ဟာ စမတ်ဝတ်ဆင်ကိရိယာများ ဝယ်ယူသုံးစွဲမယ့် သုံးစွဲသူများအနေနဲ့ ဘေးကင်းလုံခြုံရေးအာမခံချက်များကို ဂရုတစိုက် စစ်ဆေးဖို့ လိုအပ်ကြောင်း သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။